လူသုံးမျိုး

လူ သုံး မျိုး
✍✍✍✍

ဘုရားရှင်က လူတွေကို ၃ မျိုး ခွဲခြားပြထားပါတယ်။
၁။ စုံလုံးကန်းလူ
၂။ တစ်ဖက်မြင်လူ
၃။ နှစ်ဖက်မြင်လူ

စုံလုံးကန်းသူမှာ စီးပွားရေး ပညာမျက်စိလည်းမရှိ ကုသိုလ်ပြုတတ်တဲ့ ပညာမျက်စိလည်းမရှိ၊ မရသေးတဲ့ စည်းစိမ်ဥစ္စာကို ရအောင်၊ ရပြီး စည်းစိမ်ဥစ္စာကို တိုးပွားအောင် လုပ်တတ်တဲ့ စီးပွားရေးပညာမျက်စိလည်း မရှိ၊ ကုသိုလ် အကုသိုလ် ၊ အပြစ်ရှိ၊ အပြစ်မဲ့၊ အယုတ်၊ အမြတ်၊ အမည်း၊ အဖြူ တရားတွေကို သိတဲ့ ပညာမျက်စိလည်း မရှိ။

တစ်ဖက်မြင်လူမှာ စီးပွားရေးပညာ မျက်စိတော့ ရှိတယ်၊ ကုသိုလ်ရေးပညာမျက်စိ မရှိ။

နှစ်ဖက်မြင်လူမှာ အဲဒီ မျက်စိနှစ်လုံးလုံးရှိတယ်။

စုံလုံးကန်းနေသူမှာ ဒီဘ၀ရော နောင်ဘ၀ပါ နှစ်ဖက်ရှုံးပါတယ်။ ဒီဘ၀ အကျိုး၊ နောင်ဘ၀အကျိုးတွေ ဆုံးရှုံးပါတယ်။

တဖက်မြင်လူဟာ တရားတဲ့နည်းနဲ့ရော မတရားတဲ့နည်းနဲ့ရော မရိုးမသား ကောက်ကျစ်ကာ စီးပွားရှာတယ်။ ခိုးတာ၊ ညာတာ တွေပါတယ်။ စီးပွားရှာဖို့ စုဆောင်းဖို့ ကျွမ်းကျင်သူ အဲဒီ တစ်ဖက်မြင်လူဟာ သေတော့ ငရဲရောက်ပြီး ပင်ပန်းဆင်းရဲရတယ်။
နှစ်ဖက်မြင်လူကတော့ တရားသဖြင့် စီးပွားတွေကို ကြိုးကြိုးစားစား ရှာဖွေတယ်၊ အကြံကောင်းရှိတဲ့ နှစ်ဖက်မြင်လူက သူ့စီးပွား ဥစ္စာတွေကို လှူတယ်။ သေတော့ နတ်ပြည်ရောက်ရတယ်။

(အံ၊ ပါဠိ၊ ပ ၊ ၁၂၆)

နှစ်ဖက်မြင်လူဖြစ်အောင် ကြိုးစားကြရပါမယ်။ နှစ်ဖက်မြင်လူဟာ ကုသိုလ်လည်းရ ၀မ်းလည်း ၀အောင် ပြုလုပ်တတ်ပါပေတယ်။ ဘ၀က ဒီဘ၀တစ်ခုတည်းမကဘဲ ဘ၀ခရီးဆက်ရဦးမှာ ဆိုတော့ နောက်ဘ၀တွေအတွက်လည်း ကုသိုလ်ပညာ မျက်စိ ရှိထားကြရပါမယ်။

ဝင်းကျော်ဦး

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ဂါဝရတရား ၁၀ ပါး

ငါးမည်ရပြည်ရွှေဘို