မင်းကွန်းဆရာတော်ဘုရားကြီး၏ ဖြစ်တော်စဉ် (၂)

မင်းကွန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ ဖြစ်တော်စဉ် ထေရုပ္ပတ္တိ (၁)
✍✍✍✍✍✍✍✍✍✍✍✍✍✍✍✍✍✍✍✍

၁၁။ ပထမဦးဆုံး ဝဋံသကာဘွဲ့နှင့် အဋ္ဌကထာပြန် အကျော်ဘွဲ့ ရရှိခြင်း...
၁၂၉၃-ခုနှစ် ဝါမရသေးမီ ပထမကြီးတန်း၊
၁၂၉၄-ခုနှစ် ၁-ဝါရ အမျိုးသား ပထမကြီးတန်း၊
၁၂၉၅-ခုနှစ် ၂-ဝါရ အစိုးရပထမကျော်တန်းနှင့်သကျသီဟ စာသင်တန်း၊
၁၂၉၆-ခုနှစ် ၃-ဝါရ သကျသီဟ စာချတန်းတို့ကို အောင်မြင်ပါသည်။
သကျသီဟစာမေးပွဲ စတင်ကျင်းပသည့် ၁၂၆၅-မှ ၁၂၉၆-ခုနှစ်အထိ၊ ၃၁-နှစ်အတွင်းမှာ
စာသင်တန်းနှင့် စာချတန်းကို နှစ်မခြားပဲ ဆက်တိုက် အောင်မြင်သောပုဂ္ဂိုလ် မပေါ်
ပေါက်ခဲ့ဖူးပေ။ အရှင်ဝိစိတ္တသာရသည်သာ စာသင်တန်း စာချတန်း နှစ်မခြားပဲ ပထမဦးဆုံး
အောင်မြင်သောကြောင့် ဝဋံသကာ (ဦးစိုက်ပန်း-ဦးဆောက်ပန်း) ဟူသော ဘွဲ့ထူးအသစ်
တီထွင်၍ အရှင်ဝိစိတ္တသာရာဘိဝံသ ပရိယတ္တိ သာသနဟိတ ဓမ္မာစရိယ ဝဋံသကာ ဟု
ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဤသို့ ထူးချွန်စွာ အောင်မြင်သဖြင့် ရန်ကုန်ပါဠိဆရာ မြန်မာ
ပညာရှိအသင်းကြီးမှ အဋ္ဌကထာပြန်အကျော် ဘွဲ့တံဆိပ်နှင့် အစိုးရမှ ပထမကျော်ဘွဲ့ အခြားအသင်းပေါင်းစုံမှ ရွှေတံဆိပ်အမျိုးမျိုးတို့ကို ရန်ကုန်မြို့ ဂျူဗလီဟောရုံကြီး၌
ကြီးကျယ်ခမ်းနားစွာ ဆက်ကပ်လှူဒါန်းကြပါသည်။

၁၂။ ဓမ္မနာရဒကျောင်းတိုက် ဆရာတော်အဖြစ် ရောက်ရှိခြင်းနှင့် စာဝါများ အမြဲမပြတ်
ပို့ချခြင်း
ဆရာတော် ဦးပညာစက္ကသည် အအိပ်အနေ အလွန်နည်းသည်။ ညအချိန် တရားရှုမှတ်
နေသည်က များသည်။ တပည့် အရှင်ဝိစိတ္တသည် စင်္ကြံကျောင်းလေးပေါ်ဆရာတော်
ဦးပညာစက္ကနှင့် တကျောင်းတည်း အိပ်ရသည်။ စာအံ စာပြန်ပြီး၍ အရှင်ဝိစိတ္တသည်
ဆရာတော် သီတင်းသုံးရာ စင်္ကြံကျောင်းသို့ ၁၀-နာရီ ၁၁-နာရီ အိပ်ရန်လာသောအခါ
ဆရာတော်ဦးပညာစက္ကသည် ချောင်းတဟန့်ဟန့်ဖြင့် စင်္ကြံလျှောက်၍ တရားရှုလျက်။
အရှင်ဝိစိတ္တ တရေးနိုးသောအခါ၌လည်း ချောင်းတဟန့်ဟန့်ဖြင့် စင်္ကြံလျှောက်၍ တရား
ရှုလျက် တွေ့ရသည်။ တနေ့သောအခါ…
ဦးပညာစက္က-... ၅၃-နှစ် ရောက်ရင် ငါသေရမှာပါကွာ။
အရှင်ဝိစိတ္တ... ဆရာတော် ဗေဒင်တတ်လို့လားဘုရား၊ ကိုယ်သေမယ့်နှစ် သိနေတာ၊
ဦးပညာစက္က... ဗေဒင်တတ်လို့တော့ မဟုတ်ပါဘူး။ ၅၃-နှစ်ထက် မနေရပါဘူးကွာ။
မှန်ပေသည်။ ၁၂၉၉-ခုနှစ်၊ တော်သလင်းလဆုတ်(၉)ရက်နေ့ သက်တော် ၅၃-ခုနှစ်အရွယ်၌
ဓမ္မနာဒဆရာတော် ဦးပညာစက္ကသည် ပျံလွန်တော်မူခဲ့ပါသည်။

၁၂၉၉-ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁-ရက်စနေနေ့၌ ညောင်ကန်ဆရာတော် အမှူးရှိသည့်
ဓမ္မနာဒသာသနာပြု သံဃာ့အစည်းအဝေးကြီးမှ သံဃာတော်တို့သည် ဒေါ်ဓမ္မစာရီနှင့် ညှိ
နှိုင်းတိုင်ပင်၍၊ (၇)ဝါသာ ရသေးသော အရှင်ဝိစိတ္တသာရအား ဓမ္မနာဒကျောင်းတိုက်ကြီး၏
ဒုတိယမြောက် ပဓာနနာယက ဆရာတော်အဖြစ် တင်မြှောက်ကြပါသည်။ ထိုအချိန်မှစတင်
၍ ဆရာတော်သည် နေ့မအား ညမအား စာဝါများ ပို့ချတော်မူခဲ့ပါသည်။ ၁၃၀၂-ခုနှစ်၌
ဓမ္မာစရိယဘွဲ့နှင့် သာသနဓဇသီရိပဝရ ဓမ္မာစရိယဘွဲ့တို့ကို ရရှိခဲ့ပါသည်။

၁၃။ ဝိသိဋ္ဌဝိနယဓရဘွဲ့နှင့် မဟာဝိနယကောဝိဒဘွဲ့ ရရှိခြင်း...
၁၃၁၂-ခုနှစ်၊ နတ်တော်လပြည့်ကျော် (၇)ရက် တတိယအကြိမ် တိပိဋကဓရ ရွေးချယ်ရေး
စာမေးပွဲ၌ ဝိနည်း၅ကျမ်းကို အာဂုံရော ရေးဖြေပါ ဂုဏ်ထူးနှစ်ဆင့်ဖြင့် အောင်မြင်တော်မူ၍၊
ဝိသိဋ္ဌဝိနယဘွဲ့နှင့် မဟာဝိနယကောဝိဒဘွဲ့တို့ကို ရရှိတော်မူခဲ့ပါသည်။

၁၄။ ဝိသိဋ္ဌအာဘိဓမ္မိကဘွဲ့နှင့် မဟာအာဘိဓမ္မိက ကောဝိဒဘွဲ့ ရရှိခြင်း...
၁၃၁၃-ခုနှစ်၊ စတုတ္ထအကြိမ် တိပိဋကဓရရွေးချယ်ရေးစာမေးပွဲ၌ အဘိဓမ္မာရှေ့ပိုင်း ၅-
ကျမ်း၊ ၁၃၁၄ခုနှစ်၊ ပဉ္စအကြိမ် တိပိဋကဓရရွေးချယ်ရေး စာမေးပွဲ၌ အဘိဓမ္မာ နောက်
ပိုင်း၂-ကျမ်းတို့ကို အာဂုံရေးဖြေ နှစ်ထွေလုံး ဂုဏ်ထူးနှစ်ဆင့်ဖြင့် အောင်မြင်တော်မူ၍
ဝိသိဋ္ဌအာဘိဓမ္မိကဘွဲ့နှင့် မဟာအာဘိဓမ္မိကကောဝိဒဘွဲ့ တို့ကို ရရှိတော်မူခဲ့ပါသည်။

၁၅။ ပဌမဦးဆုံး တိပိဋကဓရ ပေါ်ထွန်းခြင်း...
သက်တော်(၄၂)နှစ်အရွယ် ၁၃၁၅-ခုနှစ်၊ ဆဋ္ဌမအကြိမ် တိပိဋကဓရရွေးချယ်ရေး စာမေးပွဲ၌
ဒီဃနိကာယ် သုတ်သုံးကျမ်းကို အာဂုံရေးဖြေ နှစ်ထွေလုံး ဂုဏ်ထူးနှင့်ချည်း အောင်မြင်
တော်မူ၍ ဝိသိဋ္ဌ ဒီဃဘာဏကဘွဲ့၊ မဟာဒီဃနိကာယကောဝိဒဘွဲ့၊ ဝိသိဋ္ဌတိပိဋကဓရဘွဲ့၊
မဟာတိပိဋကကောဝိဒဘွဲ့၊ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့တို့ကို ရရှိတော်မူခဲ့ပါသည်။
နိုင်ငံတော်သမ္မတကြီး စပ်ရွှေသိုက် လက်ထက်က သမ္မတအိမ်တော်၌ ကြီးကျယ်ခမ်းနားစွာ
ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ပိဋကတ်.၃ပုံကို နှုတ်ငုံဆောင်နိုင်သည့် ပုဂ္ဂိုလ်
မရှိနိုင် မပေါ်ပေါက်နိုင်ဟု အယူရှိနေသည့် ရဟန်းရှင်လူပြည်သူအားလုံး အရှင်ဝိစိတ္တသာရ
ဟူသည့် ပိဋကတ်သုံးပုံ နှုတ်ငုံဆောင် သာသနာ့အာဇာနည် ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ် ပေါ်
ပေါက်လာခြင်းကြောင့် အထူးတဆန်း တအံ့တသြဖြစ်ပြီး တနိုင်ငံလုံး ချီးကျူးပူဇော်ပွဲများ
ကျင်းပပြုလုပ်ခဲ့ပါသည်။

ဝိနည်း.၅ကျမ်း စာမျက်နှာ- ၂၂၆၀
အဘိဓမ္မာရှေ့ ပိုင်း ၅ကျမ်း စာမျက်နှာ- ၁၃၉၀
အဘိဓမ္မာနောက်ပိုင်း ၂ကျမ်း စာမျက်နှာ- ၃၅၉၈
ဒီဃနိကာယ် သုတ်သုံးကျမ်း စာမျက်နှာ- ၇၇၉
စာမျက်နှာ စုစုပေါင်း- ၈၀၂၇ တို့ကို အထောက်မရှိ၊ အမှားမရှိ နှုတ်တက်အရ အာဂုံ
ဆောင်နိုင်သည့်အတွက်ကြောင့် ကမ္ဘာ့စံချိန် မှတ်တမ်းများ အမည်ရှိ ကမ္ဘာကျော်
စာအုပ်ကြီးထဲ၌ အရှင်ဝိစိတ္တသာရအား ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံးပုဂ္ဂိုလ်ဟု
မှတ်တမ်းတင်ထားခဲ့ပါသည်။

၁၆။ သံဂါယနာ အဖြေတာဝန်ဆောင်ရွက်ခြင်း...
သာသနာနှစ် ၂၄၉၈-မှ ၂၅၀၀-ပြည့်၊ ကောဇာနှစ် ၁၃၁၆-ခုနှစ်မှ ၁၃၁၈-ခုနှစ် တိုင်အောင်
သန္နိပါတငါးကြိမ် ပြုလုပ်သည့် ဆဋ္ဌသံဂါယနာ မဟာဓမ္မသဘင်၌ ပါဠိတော် အဖြေဆရာ
တော်အဖြစ် အစအဆုံး ဆောင်ရွက်တော်မူခဲ့ပါသည်။
ယင်းသို့ဆောင်ရွက်စဉ် စာအုပ်မကြည့်ပဲနှင့် အမှားအယွင်းမရှိ စာအုပ်ကြည့်ပြီး ဆိုသကဲ့သို့
အလွတ် ဖြေဆိုသည်ကို ဖူးမြင်ရသော ရဟန်းရှင်လူ ပရိသတ်အပေါင်းတို့မှာ အလွန့်အလွန်
အံ့သြမှု ဖြစ်ခဲ့ကြရပါသည်။
၁၃၁၈-ခုနှစ်၊ နတ်တော်လဆုတ် ၉-ရက်နေ့မှစ၍ ၁၃၂၁-ခုနှစ် တပေါင်းလဆန်း ၆-ရက်
နေ့အထိ သန္နိပါတ ၄-ကြိမ် ကျင်းပပြုလုပ်သည့် အဋ္ဌကထာသံဂါယနာ၌ အဖြေဆရာတော်
အဖြစ်လည်းကောင်း ၁၃၂၂-ခုနှစ် တန်ဆာင်မုန်းလပြည့်ကျော် ၃-ရက်နေ့မှ စ၍ ၁၃၂၃-
ခုနှစ် တပို့တွဲလဆန်း ၁၂-ရက်နေ့အထိ သန္နိပါတ ၂-ကြိမ် ကျင်းပပြုလုပ်သည့် ဋီကာ
သံဂါယနာ၌ အဖြေဆရာတော်အဖြစ် ဆောင်ရွက်တော်မူခဲ့ပါသည်။

၁။ ဆဋ္ဌသံဂီတိ ဓမ္မဝိဿဇ္ဇက (ဆဋ္ဌသံဂါယနာ အဖြေဆရာတော်)
၂။ ဆဋ္ဌသံဂီတိကာရက (ဆဋ္ဌသံဂါယနာကာရကသံဃာ)
၃။ ဆဋ္ဌသံဂီတိဘာဏက (ဝိနည်း မဟာဝဂ္ဂပါဠိတော် ဘာဏကသံဃာ)
၎။ ဆဋ္ဌသံဂီတိဘာရ နိတ္တာရဏ (ဆဋ္ဌသံဂါယနာဝန်ဆောင်)
၅။ ဆဋ္ဌသံဂီတိပါဠိဝိသောဓက (ဆဋ္ဌသံဂါယနာ ဝိနည်းမဟာဝါ မူလပထမသုတ်သင်ခြင်း)
၆။ ဆဋ္ဌသံဂီတိပါဠိ ပဠိဝိသောဓက (ဆဌသံဂါယနာပါဠိတော်ကို တဖန်ထပ်မံ၍
သုတ်သင်ခြင်း)
၇။ ဆဋ္ဌသံဂီတိ သြသာနသော ဓေယျပတ္တပါဋ္ဌက (ဆဋ္ဌသံဂါယနာ စာမူများကို
နောက်ဆုံးသုတ်သင်ခြင်း)
၈။ အဋ္ဌကထာ သံဂီတိကာရက (အဋ္ဌကထာသံဂါယနာ ကာရကသံဃာ)
၉။ ဋီကာသံဂီတိ ကာရက (ဋီကာသံဂါယနာ ကာရကသံဃာ) ဟူသည့် သာသနာ့တာဝန်ကြီး
၉-ရပ်တို့ကို ဆောင်ရွက်တော်မူခဲ့သည်။

ပိဋကတ်.၃.ပုံကို နောက်ဆုံး အတည်ပြု သုတ်သင်ခြင်းဟူသည့် သြသာနသောဓေယျ
ပတ္တပါဋ္ဌက တာဝန်ကြီးကို အခြားအဖွဲ့ဝင် သံဃာ ၂၀-ရှိသော်လည်း တိပိဋကဓရဆရာတော်
တပါးတည်းသာ ခက်ခဲပင်ပန်းစွာ ပြုလုပ်ဆောင်ရွက် တော်မူခဲ့ပါသည်။
ဆရာတော်သည် လောကရေးရာနှင့် ပတ်သက်လာလျှင် အရှုံးပေးတတ်ပေမယ့် ဓမ္မရေး
ရာနှင့် ပတ်သတ်လာလျှင် မည်သည့်အခါမှ အရှုံးမပေး။ ပေဋကောပဒေသကျမ်းကို သံဂါ
ယနာ မတင်သင့်ကြောင်း အချက်အလက်များစွာနှင့် သက်ဆိုင်ရာသို့ တင်ပြသည့်အခါ
မအောင်မြင်ခဲ့၊ ပေဋကောပဒေသကျမ်း ပုံနှိပ်ရာ၌ နိဒါန်းရေးပေးပါရန် ဆရာတော်အား
တောင်းပန်လျှောက်ထားသည့်အခါ နိဒါန်းရေးပေးပါက ပေဋကောပဒေသကျမ်းကို သံဂါယနာတင်ရေး ထောက်ခံပြီးသား ဖြစ်သွားမည်ဖြစ်သည့်အတွက် လုံးဝ ရေးမပေး
ခဲ့ပေ။ ထို့ကြောင့် ထင်သည်၊ အခြားကျမ်းများ နိဒါန်းပါသကဲ့သို့ ပေဋကောပဒေသကျမ်း၌
နိဒါန်း မပါရှိခဲ့။
ဤဖြစ်ရပ်ကား သမိုင်း၌ အလွန့်အလွန် ရဲရင့် ပြတ်သားသည့် ဖြစ်ရပ်ဖြစ်ပါသည်။

မူရင်း
👇👇
http://myatnoehome.blogspot.my

ဝင်းကျော်ဦး 

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ငါးမည်ရပြည်ရွှေဘို

ဂါဝရတရား ၁၀ ပါး