မင်းကွန်းဆရာတော်ဘုရားကြီး၏ ဖြစ်တော်စဉ်

မင်းကွန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ ဖြစ်တော်စဉ် ထေရုပ္ပတ္တိ (၃)

၁၇။ မဟာဗုဒ္ဓဝင်ကျမ်းကြီး ရေးသားပြုစုခြင်း...
နိုင်ငံတော် အစိုးရက ၁၃၁၃.ခုနှစ်၌ အပြည့်စုံဆုံး မဟာဗုဒ္ဓဝင်ကျမ်းကြီး ရေးသားပြုစု
ပါရန် လျှောက်ထားသည့်အခါ တိပိဋကဓရစာမေးပွဲ ဖြေနေတုန်းမို့ မရေးနိုင်ကြောင်း
ပြောခဲ့ပါသည်။
၁၃၁၆.ခုနှစ်၌ နောက်ထပ်တကြိမ် လျှောက်ထားခဲ့ရာ သံဂါယနာတင်ကိစ္စနဲ့မို့ မရေးနိုင်
ကြောင်း ပြောလိုက်ပါသည်။
၁၃၁၇.ခုနှစ်၌ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့၏ အကူအညီယူ၍ နိုင်ငံတော်အစိုးရက အကြိမ်
ကြိမ်လျှောက်ထားမှသာ-

၁။ စေတနာ့ဝန်ထမ်း အဖြစ်ဖြင့်သာ ဆောင်ရွက်ရလျှင်လည်းကောင်း၊
၂။ ရုံးကိစ္စအဝဝ ဘုန်းကြီးနှင့် မပတ်သက်လျှင်လည်းကောင်း၊
၃။ မိမိတတ်စွမ်းသမျှ စာပေကိစ္စတွင်သာ ဦးစီးဆောင်ရွက်ခွင့် ရလျှင်လည်း
ကောင်း ရေးပါမည်ဟု မိန့်ကြားသည့်အခါ
အစိုးရက ၎င်းအချက်(၃)ချက်ကို သဘောကျ ကြည်ညိုလွန်းသဖြင့် ဆရာတော့်ဆန္ဒ
အတိုင်းပါဘုရားဟု လျှောက်ထားပါသည်။
ဆဋ္ဌသံဂါယနာကို ရည်ရွယ်လျှက် အတွဲ ၆-တွဲ၊ မဂ္ဂင်ရှစ်ပါးကို ရည်ရွယ်လျက် အုပ်ရေ ၈-အုပ်၊
စာမျက်နှာ ၅၅၁၆-မျက်နှာရှိသည့် နိုင်ငံတော် ဗုဒ္ဓသာသန မဟာဗုဒ္ဓဝင်ကျမ်းကြီးကို ရေးသား
ပြုစုခဲ့ရာ ၁၃၃၁.ခုနှစ် ပဌမဝါဆိုလပြည့်ကျော် ၁၃.ရက်နေ့ နံနက် ၁၁-နာရီအချိန် ပြီးစီးခဲ့ပါ
သည်။
ဗုဒ္ဓဝင်ကျမ်းကြီး ပြုစုသည့်နေရာ သမိုင်းဝင်ဖြစ်စေရန် ဦးမြို့+ဒေါ်ဆင်တို့က ဓမ္မနာဒတိုက်၌
ဗုဒ္ဓဝင်အမည်ရှိ ကျောင်းတကျောင်း သီးသန့် ဆောက်လုပ်လှူဒါန်းပါသည်။

၁၈။ ပါဠိတော်ဟောစဉ် နည်းသစ်ထွင်၍ ဟောတော်မူခြင်း...
ပါဠိတော်ဟောစဉ် နည်းသစ်ထွင်၍ ဟောသည့် မဟာဓမ္မကထိကကြီး…
မြန်မာနိုင်ငံ ဒေသမျိုးစုံသို့ လှည်း လှေ ဆိုက်ကား ထွန်စက် ယာဉ်ရထား မရွေးပဲ ယာဉ်
အမျိုးမျိုးနှင့် ကြွရောက်ပြီး တရားပွဲပေါင်း တသောင်းခွဲခန့် ဟောကြားတော်မူခဲ့ပါသည်။
ယင်းသို့ဟောကြားရာတွင် ဦးဝိစိတ္တဟောသည့် နည်းဟု နာမည်ကြီးလှသည့် ပါဠိတော်
ဟောစဉ်နည်းကို တည်ထွင်ပြီး ပါဠိဆိုလိုက်၊ အနက်ပေးလိုက် စကားပြေပြောလိုက်ဖြင့်
ဟောကြားခဲ့ပါသည်။
ထိုသို့ဟောကြားရင်း အလွန်ကျေးဇူးများလှသည့် မန္တလေးမြို့၊ မလွန်ဆန်လှူအသင်းကြီး
အတွက် ဆန်လှူသင်းထောက်များကို ဖွဲ့စည်းပေးခဲ့ပါသည်။

၁၉။ ကိုယ်ကျိုးမကြည့် အများကျိုးကြည့်သည့်ဆရာတော်...
ဆရာတော်သည် ရရှိသမျှ လာဘ်လာဘတို့ကို ကိုယ်ကျိုးအတွက် မသုံးစွဲပဲ မင်းကွန်း၌
တိုက်နယ်ဆေးရုံ၊ ဆေးပေးခန်း၊ မူလတန်းကျောင်း၊ အထက်တန်းကျောင်း၊ ဓမ္မာရုံ၊
ထန့်မြင့်ရွာ မူလတန်းကျောင်း။ မြင်းခြံမြို့ မင်းကျောင်းတိုက်၌ ဓမ္မပါလ အုဌ်ကျောင်းနှင့်
အဘိဓဇ ဓမ္မာရုံကြီး။ မွေးရပ်ဇာတိ ကျည်းပင်ရွာ၌ အဘိဓဇကန့်ကူလက်လည့်ကျောင်း သိမ်
တံတား မူလတန်းကျောင်း သဲဖြူဝရွာ၌ တိပိဋကကျောင်းတို့ကို ဆောက်လုပ် လှူဒါန်းခဲ့
ပါသည်။

၂၀။ ရှေးဟောင်းဘုရားများ ပြုပြင်ခြင်း... သံဃဒါန ဆွမ်းလောင်းအသင်းများ
      တည်ထောင်ခြင်း...
ရဟန်းရှင်လူ ပြည်သူအများ ကုသိုလ် တိုးပွားရန် ရည်သန်လျှက်၊ မိုးမိတ်စေတီတော်၊
စက်တော်ရာစေတီတော်၊ ဝင်းတော်မှူး(ရွှေဘုန်းတော်ပွင့်)စေတီတော်၊ မင်းတေဇစေတီ
တော်၊ ထနောင်းတိုင်စေတီတော်၊ နဂါးပတ်တောင် စေတီတော်စသော ရှေးဟောင်း
ဘုရား အဆူဆူတို့ကို ပြုပြင်ခဲ့ပါသည်။
တိ-နိ ဂေါပကအဖွဲ့မှလည်း ဆရာတော် တိပိဋကဓရဘွဲ့ရသည့် (၂၅)နှစ်မြောက် အထိမ်း
အမှတ်အဖြစ် ပိဋကတ်စေတီတော် ကမ္မဝါစေတီတော်တို့ကို တည်ထားခဲ့ပါသည်။
မြင်းခြံမြို့ နွားထိုးကြီးမြို့၊ တောင်သာမြို့တို့၌ သံဃာ့ဒါနဆွမ်းလောင်းအသင်းများ
တည်ထောင်ခဲ့ပါသည်။

၂၁။ ပထမဦးဆုံး နိကာယ်ကျောင်းတိုက်ကြီး တည်ထောင်ခြင်း...
၁၃၄၀-ပြည့်နှစ်၊ ဝါဆိုလဆန်း(၅)ရက်နေ့၌ မည်သည့်ပုဂ္ဂိုလ်မှ တည်ထောင်ရန် မစွမ်းနိုင်
သည့် တိပိဋကနိကာယ ကျောင်းတိုက်ကြီးကို မင်းကွန်းတောင်ရိုး မိုးမိတ်ကုန်းမြေ၌
တည်ထောင်ခဲ့ပါသည်။
တိပိဋက=နိကာယ ကျောင်းတိုက်ကြီးကို တည်ထောင်ရခြင်း အဓိကရည်ရွယ်ချက်များမှာ
ဓမ္မာစရိယ အောင်မြင်ပြီး အရှင်မြတ်များ၊ သင်္ကန်းဆွမ်းကျောင်းဆေးပစ္စည်း၎ပါး မငြိုငြင်
ရပဲ နိကာယ်ငါးရပ် ပိဋကတ်သုံးပုံကို ကျက်မှတ်နိုင်ရန်နှင့် မိမိကဲ့သို့ တိပိဋကဓရဘွဲ့
ရရှိစေရန် ဖြစ်ပါသည်။

၂၂။ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ တံဆိပ်တော် ရရှိခြင်း...
၁၃၄၀-ပြည့်နှစ်၊ ပြာသိုလဆန်း၇ရက်၊ (၄-၁-၇၉) လွတ်လပ်ရေးနေ့က ဘွဲ့တံဆိပ်ရရှိ
ကြောင်း ကြေညာ၍၊ ၁၃၄၁-ခုနှစ်၊ နယုန်လပြည့် (၉-၆-၇၉)စနေနေ့၊ မဟာသမယနေ့
တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန ဝန်ကြီးဟောင်း ဗိုလ်မှူးချုပ်စိန်လွင်က
ဆက်ကပ်လှူဒါန်းပါသည်။

၂၃။ နိုင်ငံတော် သံဃာ့နာယကအဖွဲ့ ပထမဦးဆုံးသော အကျိုးတော်ဆောင်
ဆရာတော်ကြီးများအား ရိုရိုသေသေလေးလေးစားစား ချဉ်းကပ်ဆက်ဆံမှု သည်းခံမှု နှိမ့်ချမှု
ကြိုးကြိုးစားစား ဆောင်ရွက်မှု စသည်တို့ကြောင့် ၁၃၄၂-ခုနှစ်၊ နယုန်လဆန်း ၁၃-ရက်၊
(၂၆-၂-၈၀)တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့၊ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော်
ကြီး၌ ကျင်းပသော ဂိုဏ်းပေါင်းစုံ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များ
အစည်းအဝေးမှ တိပိဋကဓရဆရာတော်အား အကျိုးတော်ဆောင်အဖြစ် တညီတညွတ်
တည်း ရွေးချယ် တင်မြှောက်ကြပါသည်။

၂၄။ မန္တလေးမြို့ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်ကြီး ဆောက်လုပ်လှူဒါန်းခြင်း..
၁၃၄၄-ခုနှစ်။ တော်သလင်းလပြည့်ကျော် ၁၃ရက်၊ (၁၅-၁၀-၈၂)သောကြာနေ့တွင်
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ တိပိဋကဓရဆရာတော်အား တောင်းပန် လျှောက်
ထားချက်အရ ဆရာတော်အမှူးပြု၍ တိပိဋကနိကာယ သာသနာပြုအဖွဲ့ကြီးက မန္တလေး
မြို့၌ ကျပ်သိန်းပေါင်းများစွာ အကုန်အကျခံ၍ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်
ကြီးကို ဆောက်လုပ်လှူဒါန်းပါသည်။

၂၅။ ရန်ကုန်မြို့ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် ဆောက်လုပ်လှူဒါန်းခြင်း...
မန္တလေးတက္ကသိုလ်တည်ဆောက်၍ အတော်အသင့်ပြီးစီးသည့်အခါ(ရန်ကုန်မြို့ကြီး
မှာ နိုင်ငံတော်၏ မြို့တော်ဖြစ်၍ ရန်ကုန် ပရိယတ္တိသာသနာ့တက္ကသိုလ်က အရင်ဖွင့်
သင့်သည်)ဟု ဆရာတော်မြင်သဖြင့် သံဃနာယကအဖွဲ့က ဆုံးဖြတ်ချက်ချပြီး
ကမ္ဘာအေးကုန်းမြေ၌ ဆရာတော်ဦးစီးသည့် တိ-နိသာသနာပြုအဖွဲ့ကြီးကပင် ကျပ်
သိန်းပေါင်းများစွာ အကုန်အကျခံ၍ ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။

၂၆။ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ တံဆိပ်တော်ရရှိခြင်း...
၁၃၄၅-ခုနှစ်၊ ပြာသိုလဆန်း(၂)ရက် (၄-၁-၈၄)လွတ်လပ်ရေးနေ့က ဘွဲ့တံဆိပ် လှူဒါန်း
ကြောင်းကြေညာ၍၊ ၁၃၄၆-ခုနှစ်၊ နယုန်လပြည့်နေ့တွင် မဟာပါသာဏလိုဏ်ဂူကြီး
အတွင်း၌ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်မင်းဂေါင်က
ဆက်ကပ်လှူဒါန်းပါသည်။

၂၇။ သက်တော်(၇၅)ခုနှစ်ပြည့် စိန်ရတု သဘင်ပူဇော်ပွဲကြီး...
၁၃၄၈-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉-ရက်၊ ၁၀-ရက်၊ ၁၃-ရက်နေ့များ၌ ဆရာတော်
သက်တော်(၇၅)နှစ်ပြည့် စိန်ရတုသဘင်ပူဇော်ပွဲကြီးကို ကမ္ဘာအေးမှ မဟာပါသာဏ
လိုဏ်ဂူကြီး ပုံသဏ္ဍန် လိုဏ်ဂူကြီး တည်ဆောက်၍ ဆဋ္ဌသံဃာယနာတင်ဟန်ဖြင့်
မင်းကွန်းဓမ္မနာဒကျောင်းတိုက်၌ ကြီးကျယ်ခမ်းနားစွာ ပူဇော်ကြပါသည်။

၂၈။ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းနှင့် ဇီဝိတဒါန သာသနာ့ အထူးကုဆေးရုံ
ဦးဆောင် ဆောက်လုပ်လှူဒါန်းခြင်း-
မန္တလေးတိုင်း မန္တလေးမြို့နှင့် စစ်ကိုင်းတိုင်း ရွှေဘိုမြို့တို့၌ ကျောင်းထိုင်ဘုန်းကြီး
သင်တန်းကျောင်းများနှင့် မန္တလေးမြို့ဇီဝိတဒါန သာသနာ့ အထူးကုဆေးရုံကြီးကို
ဦးဆောင်ဆောက်လုပ် လှူဒါန်းခဲ့ပါသည်။

၂၉။ သက်တော် ၈၀-အရွယ်ထိ စာချခြင်း...
၁၃၅၃-ခုနှစ်၊ ဝါခေါင်လဆန်း (၄)ရက် ဗုဒ္ဓဟူးနေ့မှစတင်၍ မင်းကွန်းတောင်ရိုး မိုးမိတ်
ကုန်းမြေ တိပိဋကနိကာယ စာချကျောင်းတော်ကြီး၌ အဋ္ဌသာလိနီ အဋ္ဌကထာ၊
ခက်ခဲနက်နဲသည့် ဓမ္မသင်္ဂဏီမူလဋီကာ ဓမ္မသင်္ဂဏီအနုဋီကာတို့ကို တပည့်သံဃာ
တော်များအား စာချပေးလျက်ရှိပါသည်။

၃၀။ ဆေးလှူခြင်းနှင့် မေတ္တာတရား ကရုဏာတရား စေတနာတရား ကြီးမားခြင်း-
ဆရာတော်သည် မင်းကွန်းတိုက်နယ်ဆေးရုံ၌ တနှစ်လေးကြိမ် ဆေးလှူဒါန်းပွဲ ပြုလုပ်
ပါသည်။ ထိုသို့ပြုလုပ်တိုင်း သက်ကြီး ရွယ်အိုများနှင့် ဆင်းရဲနွမ်းပါးသူများအား ပစ္စည်း
မျိုးစုံ စွန့်ကြဲပေးကမ်းလေ့ရှိပါသည်။ ကလေးသူငယ်များကိုမူ နေ့စဉ် မုန့်ဝေလေ့ရှိပါသည်။

၃၁။ အလွန် အလုပ်လုပ်သည့်ဆရာတော်...
ဆရာတော်သည် အလုပ် လုပ်ရာ၌ ဝီရိယရှိလှသည်။ ပုံမှန် ညစဉ် ၁၀း၁၁-နာရီမှ
ကျိန်းစက်သည်။ မကျိန်းစက်မှီ စာကိုသာ ကြည့်နေလေ့ရှိသည်။ အလုပ်အရေးကြီးလာလျှင်
ညဥ့်၂-နာရီအထိ တခါတရံ တညဥ့်လုံး တရေးမှ မကျိန်းစက်ပဲ အလုပ် လုပ်လေ့ရှိသည်။
သာသနာ့ချိန်ခွင်ကြီး ၄-လက် တရားတော် ပြုစုစဉ်က နေ့ဆွမ်း စားပြီးကတည်းက ကျမ်းပြုရာ
အခန်းထဲ ဝင်၍ လက်နှိပ်စက် တချောက်ချောက်ရိုက်လျှက် ကျမ်းပြုရာ ညနေ(၅)နာရီ
အချိန်ရောက်မှ အခန်းထဲက ထွက်လာသည်။
ထိုအတွင်း ဆီး၊ ဝမ်းသွားခြင်း မပြု။ အလွန်ပင် ဝီရိယကြီးသော ဆရာတော်ဖြစ်သည်။

၃၂။ ကဗျာစာဆိုကျော် ဆရာတော်...
ဆရာတော်သည် ကဗျာအလွန်အရေးကောင်းသည်။ ကဗျာမျိုးစုံ နိုင်နင်း ကျွမ်းကျင်သည်။
ဆရာတော်၏ ကဗျာများ၌ စကားလုံး သိပ်သည်း ကျစ်လစ်၍ အဓိပ္ပာယ် ထင်းခနဲ၊ ထင်းခနဲ
ပေါ်လွင်သည့် ဝေါဟာရများကိုသာ သုံးထားလေ့ရှိသည်။

အောက်ဖော်ပြပါကဗျာများကို ဖတ်ရှုကြည့်ခြင်းဖြင့် သိရှိနိုင်ပါသည်။

(က)၁။ တိပိဋကဓရ ဖြစ်ရတဲ့အာနိသင်၊ ဒီကိုယ်တော် ဖတ်ဖတ်မောပေါ့ကွယ်၊ ပြောမပြချင်။ ကိုယ့်ကျောင်းနှင့်ကိုယ့်ရပ်တွင်၊ နေချင်လျှက် မနေရ။ အပူအအေး ယှက်ထွေးကာ ဒဏ်ခံလို့
စုန်အဆန် မြန်းရတဲ့ ခရီးမှာကွယ် ကြီးတဲ့ဒုက္ခ။

၂။ မငြင်းသာတဲ့ မဆန်သာ နိုင်ငံတော် သာသနာရေးပေမို့ကွယ် ပြေးမလွတ်ပါ၊
သူတကာ ချမ်းသာလို့ ထင်မြင်ကြ သို့ကတဲ့...စိတ်ထဲမှာ သံဝေယူလို့
ကံမွေဟူ ဤအဖြစ်ကိုကွယ် နှစ်လို့ခံရ။ (ညည်းချင်းသဖြန်)

(ခ) စကားထောက်များပေသည့်၊ စာသားကိုတဲ့ ပြင်ဆင်ပါ၊
စာစီပုံရိုင်းသတဲ့လို့ မတွေးကြပါနဲ့ ဆရာထေရ်ခိုင်းတဲ့ အရေးကြောင့်ဗျာ
ရေးရတခါ မတတ်တတတ် ကျုပ်ခင်မျာ အနုတ်ပါဗျ
စာအသွား၊ အမှားတွေ့လျှင်ဖြင့် ကြားဖြည့်ကာ ပြင်ဆင်ထည့်ပါလို့
တရားမွေ့သူ ထေရ်ရှင်ကဝိတို့ရယ် ရှုကြည့်စေသား။
(၁၄-နှစ်သားက ရေးသည့် သုဝဏ္ဏသာမ ယပ်တောင်တရား အဆုံး လေးဆစ်)

(ဂ) ပြည်နိဗ္ဗာန် အောင်စေညွှန်းပါလို့၊ ညောင်ရေသွန်းငယ်တည့် မဟာစည်၊
စက္ကဝါ လက်ယာခိုက်အောင် တီးရိုက်ဆော်မည်၊ ခါအညီ ရာသီလိုက်ချင့်သုံး၊
မဟာချိန် တနှစ်မှာ တခါကြိမ်ရ၊ သဒ္ဓါရှိန် အာရုံထားတယ်၊ နားစိုက်ကြဦး။
(ရဟန်း ၂.ဝါရ ရေးသည့် စည်တော်သံ)

(ဃ) ဘုန်းထေရာခေါင်၊ ဇေယျာအောင်မြေအတွင်းဆီမှ၊ တေဇာမှောင် ချွေခွင်းပါလို့၊
ရံသင်းညီမျှ ဒီလ၊ စံရင်းဆီမှ ချီကြွ၊ နဒီဧရာကြောကိုလေး၊ ဟောပင့်ခဲ့ပြီ။
(လှေလှော်သံ)

(င) ကိုးမျက်ရောင်ရှိန်၊ ဝေဝေထိန်လျှမ်းပါဘိ၊ ဗွေဝတိနှ်ကြငှန်းဆီက မြန်းခုခါနော်။
ရှုဘုရာ့ထေရ်မော် ထေရ်မော် ပူဇော်ပုံ ထူးတယ်လေး၊ ဦးတင်လို့မျှော်၊
(တမ်းချင်း ဘောလယ်)

(စ) ရုပ်နာမ်နှစ်ဖြာ၊ ငါးခန္ဓာတို့၊ ဖြစ်လာတိုင်းပင်။ ကွယ်ချုပ်ဝင်သည့်၊
ဤသင်္ခါရ၊ သဘာဝကား၊ ဌာနနယ်ချုံး၊ တနိဂုံးနှင့်၊ ခေါ်ထုံးဝေါဟာ၊
တမြို့ရွာဝယ်၊ မျက်နှာမဲ့လျဉ်း၊ တအိမ်တွင်း၌၊ သင်းသီးသန့်ခြား၊ တကန်းသား၍၊
ဖြစ်ပွားလေ့လာ၊ မဟုတ်ပါဘူး၊ ဗြဟ္မာလူနတ်၊ ထုတ်ချင်းခပ်အောင်၊ ဥပါဒ်စလျှင်၊
ဌီသို့ဝင်၍၊ ဘင်္ဂက္ခဏ၊ မရဏဖြင့်၊ ရွရွလှုပ်လှုပ် တချုပ်ချုပ်လျှင်၊ နာမ်ရုပ်နှစ်မျိုး၊
ဖြစ်တိုင်းညှိုးသည်။
လမ်းအရိုး...အနိစ္စပါတကား။
လမ်းအရိုး...ဒုက္ခပါတကား။
လမ်းအရိုး...အနတ္တပါတကား။ (လေးလုံးစပ်ကဗျာ)

(ဆ) ကျွန်းရွှေမြိုင့် သောင်းဟေတုဆီက၊ သြောင်းဟေတုဟေဟူ၊
ဒေါင်းရွှေဥ နေတဆူငယ်၊ ဇေယျတူသံရင့်၊
ကျောင်းဆောင်တော် ဝေဇယန်ဝယ်၊ နေရဗာန် လမ်းဖြောင့်ကိုဖွင့်။
ပစ္စည်းနှင့်ပစ္စယုပ္ပန်၊ နှစ်ရုပ်နာမ် ဒွန်ဖွင့်၊
ဖြစ်ချုပ်ဟန် ညွှန်သဖြင့်သာပ၊ ခုနစ်ဆင့်ဗောဇ္ဈင်။
စက်ဘုန်းရောင်သာ ရွှင်မြူးသော်ကြောင့်၊
ကြာခင်ဘူး ပွင့်မည်ပြင်ဆင်။
မစိုးရိမ့် ဂုဏ်သခင်ကို၊ စုံအလင် ဆုခြွေသန့်ပါလို့
ဥဒေတယံ မောရဗျာဂီ၊ ဟောဖျာ့လာပြီ၊
နိဗ္ဗာန်နန်း မှူးမဲ့ထေရ်ကို၊ ဦးငဲ့ချီ ငွေဒေါင်းဘုရာ့လေး။ (တေးထပ်)

၃၃။ သာမဏေငယ်များ၏ ဆရာတော်...
ဆရာတော်သည် သာမဏေငယ်များအား သံယောဇဉ်ကြီးလှသည်။ သာမဏေငယ်တို့၏
သင်္ကန်း ချုပ်ပေးခြင်းအပြင် ယခင်ကဆိုလျှင် ဘိနပ် ပြတ်နေသော သာမဏေကို တွေ့ပါက
ဘိနပ်ကိုပင် ကိုယ်တိုင် ချုပ်ပေးတတ်သည်။ ဤမျှအထိ သာသနာ့ အညွန့်အညှောင့်
သာမဏေငယ်တို့ အပေါ်၌ မေတ္တာစေတနာ ထားဘိသည်။

၃၄။ သည်းခံသည့်နေရာတွင် ၂-ယောက် မရှိသည့်ဆရာတော်...
သည်းခံခွင့်လွှတ်ရာ၌ ဆရာတော်သည် ဇွဲကြီးလှသည်။ တိပိဋကဓရဖြစ်စတွင် ဆရာ
တော်ကြီးတပါးက အတိုက်အခံပြု ဆန့်ကျင်ဘက် လုပ်နေပါသည်။ ဆရာတော်သည်
ထိုဆရာတော်ကြီးထံ သွား၍ မိမိအား မေတ္တာသက်ဝင်လာစေရန် သိသော်လည်း
မသိဟန်ပြု၍ စာမေးခြင်း၊ မိမိတွင် ပစ္စည်းကောင်းလေးတွေ ရှိနေပါက ထိုဆရာ
တော်ကြီးအား သွားရောက် လှူဒါန်းခြင်း ပြုလုပ်ခဲ့ရာ ၃-နှစ် တိတိကြာမှ ထိုဆရာ
တော်ကြီးက ဆရာတော့်အပေါ်အတိုက်အခံ ဆန့်ကျင်ဘက် မလုပ်တော့ပဲ ခင်ခင်
မင်မင် ရင်းရင်းနှီးနှီး ဆက်ဆံနေပါတော့သည်။

၃၅။ မာန်မာန မရှိသည့် ဆရာတော်...
ဆဋ္ဌသံဂါယနာ တင်စဉ်က အကြီးအကဲ ရွှေကျင်ဆရာတော်ကြီး ဝမ်းပျက်သည့်အခါ
ညအချိန်မတော်ဖြစ်၍ အလုပ်အကျွေး များမသိ။ ဆရာတော်သည် ထိုဆရာတော်
ကြီး၏ အညစ်အကြေးများကို မရွံမရှာ သုတ်သင်ပေးခဲ့ပါသည်။
ထိုဆရာတော်ကြီးက သြော်... ဦးဝိစိတ္တ၊ ဦးဝိစိတ္တနဲ့ နာမည်ကြီးပြီး ပညာတော်သလောက်
မာန်မာနမရှိပါလား ဟု လှိုက်လှိုက်လှဲလှဲ ပြောဆိုခဲ့ပါသည်။ ထိုအကြောင်းကို ရွှေကျင်
သံဃာတော်များ သိသွားရာ ဆရာတော်အပေါ် ပို၍ပို၍ မေတ္တာသက်ဝင်
သွားခဲ့ကြပါသည်။

၃၆။ ဆရာတော်၏ ကျေးဇူးရှင်ကြီးများ...
ဆရာတော် ဤအခြေနေသို့ ရောက်ရှိလာခြင်းမှာ ကျည်းပင်ရွာဆရာတော်ဦးသာသန၊
မြင်းခြံမင်းကျောင်းတိုက်၊ ရာဟုဒေါင့်ကျောင်းဆရာတော် ဦးသောဘိတ၊ မင်းကွန်း
ဓမ္မနာဒဆရာတော် ဦးပညာစက္က၊ ခမည်းတော် သူကြီးဦးဆုံ၊ မယ်တော်ဒေါ်ဆင်
ရန်ကုန်အိမ်ကြီးချောင်ဆရာကြီး ဒေါ်ဓမ္မစာရီ၊ အဘိုးမြန်မာဆေးဆရာကြီး ဦးချယ်၊
ရဟန်းဒကာ သူဋ္ဌေးကြီး ဆာ-ဦးသွင်၊ သူဋ္ဌေးကတော် ဒေါ်ဒေါ်သိန်း၊ ဓမ္မနာဒ
ကျောင်းဒကာကြီး ဦးမြို့ ဒေါ်ဆင်တည်းဟူသော ကျေးဇူးရှင်ကြီးတို့ကြောင့်
ဖြစ်ပါသည်။

၃၇။ ဆရာတော်နှင့် ပါရမီဖြည့်ဖက်များ...
ဆရာတော်၏ သာသနာပြု လုပ်ငန်းကြီးများ အောင်မြင်နေခြင်းမှာ ကျောင်းဒကာကြီး
ဦးဖိုးမှီ+ဒေါ်ရွှေညွန့်၊ တိပိဋက နိကာယ သာသနာပြုအဖွဲ့ ဥက္ကဋ္ဌ ဆရာဝန်ကြီးဦးသာလှ၊
မဟာဗန္ဓုလ ဦးဆိုင်+ဒေါ်စောတင်စသော ပါရမီဖြည့်ဖက်တို့၏ ကူညီထောက်ပံ့မှုကြောင့်
ဖြစ်ပါသည်။

၃၈။ ကြည်ညိုစရာ အပြုအမူများ...
ဆရာတော်ကြီးသည် မြန်မာပြည်၌ ရှိသမျှ သာသနာဘွဲ့ ပေါင်းစုံ ရရှိထားသော်လည်း
မာန်မာန မရှိ ဟိတ်ဟန် မရှိ။ အသက် သိက္ခာ ဂုဏ်ဝါကြီးသည့် မထေရ်ကြီးများကို
ဂိုဏ်းဂဏ အစွဲမထား ရိုရိုသေသေ လေးလေးစားစား ဂါရဝပြုလေ့ ရှိပါသည်။ ရွယ်တူနှင့်
ငယ်သူ ရဟန်းများကိုလည်း လေးလေးစားစား ဆက်ဆံလေ့ရှိပါသည်။
သာမဏေငယ်များတောင်မှပင် မောက်မောက်မာမာ မဆက်ဆံ၊ အရေးတယူ အလေးမူ၍
ကြည်ကြည်ဖြူဖြူ ပြုံးပြုံးရွှင်ရွှင် ပြောဆိုလေ့ရှိပါသည်။ ဒကာ၊ ဒကာမများကိုလည်း ဆင်းရဲ
ချမ်းသာမရွေး အတန်းအစားမခွဲခြားပဲ ပြောဆိုဆက်ဆံပါသည်။ သူတပါး စိတ်ဆင်းရဲ
သွားခြင်းကို အလိုမရှိ။ သူတပါး စိတ်ချမ်းသာအောင် ပြောဆို နေထိုင်ူပုမူလေ့ရှိပါသည်။

ကောင်းပေ့ညွှန်ပေ့ ဆိုသည့် ပစ္စည်းများကို သုံးဆောင်နိုင်ပါလျက် မသုံးဆောင်၊ အစား
သောက်ကောင်းတွေကို စားသောက်နိုင်ပါလျှက် မစားသောက် မေတ္တာ၊ ကရုဏာ၊
စေတနာတရားတို့ကလည်း သာမန်ပုဂ္ဂိုလ်များ လိုက်မမှီအောင် ကြီးမားလှသည်။
ထို့ကြောင့်သာပင် ဆရာတော်အား မင်းနှင့်ပြည်သူ ရှင်လူရဟန်း အတန်းအစား အားလုံး
က လေးစားကြည်ညိုခြင်းကို ခံရသော၊မေတ္တာထားခြင်းကို ခံရသော၊ ပြည်သူ့ဆရာတော်
ကြီး ဖြစ်ခဲ့ရပါသည်။

ဆရာတော်၏ သီလသည် ဖြူဖွေးနေသည့် ဝါဂွမ်းကဲ့သို့ ဖြူစင်လှပါသည်။ဆရာတော်၏
သမာဓိသည် မြင့်မိုရ်တောင်ကဲ့သို့ တည်တံ့ခိုင်မြဲလှပါသည်။ ဆရာတော်၏ ပညာသည်
ပင်လယ်သမုဒ္ဒရာကဲ့သို့ ကျယ်ဝန်း နက်ရှိုင်းလှပါပေ၏။
ဆရာတော်၏ မေတ္တာသည် သီတာရေစင် စမ်းရေယာဉ်ကဲ့သို့ အေးမြလှပါပေ၏။
ဆရာတော်၏စေတနာသည် မဟာပထဝီမြေကြီးကဲ့သို့ ကြီးမား ကျယ်ပြန့်လှပါပေ၏။
ဆရာတော်၏ ဂုဏ်သတင်းသည် စန္ဒကူးနံ့သာကဲ့သို့ မွှေးတကြိုင်ကြိုင် ထုံသင်းလှိုင်
လှပါပေ၏။
ထို့ကြောင့်သာပင် ဆရာတော်သည် မင်းနှင့်ပြည်သူ ရှင်လူအပေါင်းတို့အား အလင်း
ရောင်ကို ပေးတတ်သော နေမင်းကြီးတည်း၊ အအေးဓာတ်ကို ပေးတတ်သော လမင်း
ကြီးတည်း၊ မင်းနှင့်ပြည်သူ ရှင်လူအပေါင်းကို နှစ်သက်စေတတ်သော
ပတ္တမြားရတနာကြီးတည်း။

၁၃၅၃-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၁)ရက်၊ ပတ္တမြားရတနာနှင့်တူသော ဆရာတော်
ကြီး၏ သက်တော် (၈၀)ပြည့် ပတ္တမြားရတု ပူဇော်ပွဲကြီး၌ ကျန်းကျန်းမာမာ ချမ်းချမ်း
သာသာဖြင့် သက်တော်ရာကျော် ရှည်ပါစေကြောင်း ဆုတောင်းလိုက်ပါသတည်း။

အရှင်ဃောသိတ(ရေနံ့သာ)
မေဓာ့ယာဉ်ပျံ မော်ကွန်းကျောင်း၊ တိပိဋကနိကာယ ကျောင်းတိုက်
မိုးမိတ်ကုန်းမြေ၊ မင်းကွန်း
၁၉၉၁-ခု

မူရင်း
👇👇
http://myatnoehome.blogspot.my

ဝင်းကျော်ဦး 

Comments

Popular posts from this blog

ငါးမည်ရပြည်ရွှေဘို

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ဂါဝရတရား ၁၀ ပါး