ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ဆိုချက်
(မိန့်ခွန်း)
တိုင်းပြုပြည်ပြုလွှတ်တော် (ဖော်ဆောင်ရတာဟာ)အိမ်ဟောင်းကို တည်ရုံ အလုပ်မဟုတ်ပဲနဲ့
တခုလုံး ဖျက်ဆီးပြီးတဲ့နောက် အဲဒီပျက်သွားတဲ့ နေရာမှာထပ်ပြီး အိမ်အသစ်ဆောက်တာနဲ့
တူပါတယ်။
ကျွန်တော်တို့ဟာ တိုင်းပြည်ကို ပြောခဲ့တဲ့အတိုင်း လုံးဝ လွတ်လပ်ရေးကို ကျွန်တော်တို့ ရ
အောင် လုပ်မယ်ဆိုတဲ့အတိုင်း အဲဒီ လုံးဝ လွတ်လပ်ရေးကို ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တယ်။
ဒီ လုံးဝလွတ်လပ်ရေးကို ဆုံးဖြတ်ပြီးတဲ့နောက် ကျွန်တော်တို့ ဒီတိုင်းပြည်ကို ကြေညာ
ထားတဲ့ အတိုင်း တနှစ်အတွင်း လုံးဝ လွတ်လပ်ရေးရအောင် လုပ်မယ်ဆိုတာလဲ
ကျွန်တော်တို့ လုပ်နေလျက်ပါပဲ။ ဘယ်အစိုးရမှလည်း ချွတ်ယွင်းချက် မရှိတဲ့ အစိုးရ
မရှိဘူး။ သို့သော်လည်းပဲ တိုင်းပြည်အပေါ်မှာ စေတနာရှင်းရှင်းထားပြီး တဆင့်ထက်
တဆင့် ကျွန်တော်တို့ လုပ်လာတဲ့လုပ်ငန်းဟာ တိုးတက်သလား မတိုးတက်ဘူးလား ဆိုတာခင်ဗျားတို့ ပြန်ကြည့်ပါ။
နောက် အတော်လေးကြာလာရင် ကျွန်တော်တို့ဟာ တိုင်းပြည်ကို အတိအလင်း
ကြေညာနိုင်တဲ့ စကားမျိုး လုပ်လာနိုင်ပါဦးမယ်။
ကျုပ်တို့ဟာ ဒီတိုင်းပြည်မှာ အစိုးရဖြစ်အောင် အတင်းအဓမ္မ လုပ်လာလို့ အစိုးရဖြစ်တာ
မဟုတ်ဘူး။ တိုင်းပြည်လူထုရဲ့ ထောက်ခံမှုနဲ့ ကျုပ်တို့ အစိုးရဖြစ်နေတာ တိုင်းပြည်က
မကြည်ညိုဘူးဆိုတာ ကျုပ်တို့ သိတဲ့ တနေ့မှာ ကျုပ်တို့လဲ မနေဘူး။ တွယ်မနေပါဘူး။
ထွက်မှာပါပဲ။ သို့သော်လည်းပဲ တနှစ်လောက် ကျုပ်တို့ကို စောင့်ကြည့်တဲ့အခါမှာ
ကျုပ်တို့ဟာ ဘယ်လို လူစားတွေလဲ။ ရာဇဝင်မှာ အရေးခံမဲ့ လူစားမျိုးတွေလား။
ရာဇဝင်မှာ အဆဲခံမဲ့ လူစားမျိုးတွေ လားဆိုတာ ခင်ဗျားတို့ကိုယ်တိုင် သိပါလိမ့်မယ်။
တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသားလူထု ညီညွတ်ရေး၊
စားဖားသမားတွေ ညီညွတ်တာ ကျွန်တော် မလိုချင်ပါဘူး။ တိုင်းရင်းသား
အချင်းချင်းညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး၊
အဲဒီ ညီညွတ်ရေး နှစ်ခု မရှိသမျှ ကာလပတ်လုံး၊ ဒီတိုင်းပြည်ဟာလွတ်လပ်ပင်
လွတ်လပ်ငြားသော်လဲ ဘယ်ပါတီ တက်တက်၊ ဘယ်အစိုးရ လုပ်လုပ်၊
ဖာသယ်တိုင်းပြည် ဖြစ်နေမှာပဲလို့ ကျွန်တော်ပြောချင်တယ်။
ဗမာတွေ စိတ်ထဲမှာ ဗမာတွေဟာ စိတ်ဓာတ်ထက်တယ် ဘာညာနဲ့ တလွဲဆံပင်ကောင်းနေ
တယ်ဆိုတာနဲ့ အတူတူပါပဲ။ ဒီစကားဟာ ဒီနေရာမှာသုံးဖို့ဟာတွေပဲ။ ဗမာတွေစိတ်ဓာတ်က မဟုတ်တဲ့နေရာမှာ သွားပြီးကောင်းနေတယ်။ တကယ့်နေရာတွေကြတော့ အသုံးမကျဘူး။
ဗမာပြည် လွတ်လပ်ရေး ရအောင် ဆိုတာမျိုးမှာ အသုံးမချ တတ်ဘူး။ ဗမာပြည် ပြန်လည် ထူထောင်ရေးလုပ်တဲ့ နေရာမျိုးမှာ အသုံးမချတတ်ဘူး။ ဗမာဗမာချင်း ချဖို့မှာ လုပ်ချင်တယ်။
ခင်ဗျားတို့ဟာ လွတ်လပ်ရေးကို လိုချင်ယင်၊ လွတ်လပ်ရေး ရနိုင်လောက်တဲ့ စည်းကမ်း
ရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိယင် လွတ်လပ်ရေးကို ရနိုင်တဲ့ ညီညွတ်မှုကို ထိန်း
သိမ်းထားပါ။ လွတ်လပ်ရေးကို လိုချင်ယင် လွတ်လပ်ရေးကို ရနိုင်တဲ့ ထူထောင်မှုကို လုပ်
ကြပါ။ အဲဒီလို လုပ်ပြီးတဲ့နောက် ရှေ့ကို လွတ်လပ်ရေးအရသာကို ခံစားစံစားချင်တယ်ဆို
ရင်၊ အလုပ်လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့၊ ယခုကတည်းက ခင်ဗျားတို့ ကိုယ့်ကိုယ်ကို
အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ စောက်ကျင့်တွေကို ပြင်ကြဖို့ လိုပြီဆိုတာ
ကျွန်တော် ကနေ့ ပြောခဲ့ချင်တယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
(စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲ စာစဉ်
ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများ ၁၉၄၅-၁၉၄၇ စာအုပ်)
ဝင်းကျော်ဦး
Comments
Post a Comment