သရဏဂုံ
သရဏဂုံဆိုသည်မှာ “သရဏဂမန”ဟူသော ပါဠိမှ မြန်မာမှု ပြုထားခြင်း ဖြစ်သည်။ သရဏ ပုဒ် နှင့် ဂမန ပုဒ် နှစ်ခုကို ပေါင်းစပ် ထားခြင်း ဖြစ်သည်။ သရဏ- ကိုးကွယ်ရာ အားထားရာအဖြစ်ဖြင့် ဂမန- ဆည်းကပ်ခြင်းကို “(သရဏ+ဂမန) သရဏဂုံ”ဟု ဆိုခြင်း ဖြစ်သည်။သရဏရတနာသုံးပါးသည် ကြောက်ရွံခြင်း နှင့် ထိတ်လန့်ခြင်းကို ပယ်ဖျောက်ပေးနိုင်သောကြောင့် သရဏ (ကိုးကွယ်အားထားရာ) မည်၏။ စိတ်၏ကြောက်ရွံခြင်းကိုလည်းကောင်း၊ ထိတ်လန့်ခြင်းကို လည်းကောင်း၊ ကာယိကဒုက္ခကိုလည်းကောင်း၊ ဒုဂ္ဂတိဘဝ၌ ဖြစ် စေတတ်သော ဆင်းရဲခြင်း ပူပန်ခြင်းကိုလည်းကောင်း ဖျက်ဆီး ဖယ်ရှားပေးနိုင်သောကြောင့် ထိုရတနာသုံးပါးကို သရဏ (ကိုး ကွယ်အားထားရာ)ဟု ဆိုလိုသည်။ သရဏ (ကိုးကွယ်အားထား ရာ)ဟူသော အမည်ကို ဗုဒ္ဓ ဓမ္မ သံဃာ ဟူသော ရတနာသုံးပါး၏ အမည်ဟု မှတ်ယူပါ။
အဘယ်ကြောင့်ဆိုသော်---၁) မြတ်ဗုဒ္ဓသည် သတ္တဝါတို့၏ အကျိုးစီးပွားကို ဖြစ်စေတတ်သော ကြောင့်လည်းကောင်း၊ သတ္တဝါတို့၏ အကျိုးစီးပွားမဲ့ကို ဖယ်ရှား ပေးတတ်သောကြောင့်လည်းကောင်း၊ သတ္တဝါတို့၏ ဘေးရန်အမျိုး မျိုးကို ဖယ်ရှားပေးတတ်သောကြောင့်လည်းကောင်း ကိုးကွယ် ဆည်းကပ်ထိုက်ပေ၏။ ၂) ဓမ္မသည် ရှည်လျားလှစွာသော ဘဝသံသရာ ခရီးကြမ်းမှ ထုတ်ဆောင် ပေးတတ်သောကြောင့် လည်းကောင်း၊ နိဗ္ဗာန်ဟုဆို အပ်သော ချမ်းသာကို ပေးတတ်သောကြောင့်လည်းကောင်း၊ သံသရာဘေးကို ပယ်ဖျောက်ဖျက်ဆီး တတ်သောကြောင့်လည်း ကောင်း ကိုးကွယ်ဆည်းကပ်ထိုက်ပေ၏။၃) သံဃာသည် ကုသိုလ်ကောင်းမှု(အနည်းငယ်မျှပင်ဖြစ်ပါစေ)ကို ပြုကြကုန်သော သတ္တဝါတို့၏ အကျိုးစီးပွားကို ဖြစ်စေတတ်၊ ပြုစေတတ်သောကြောင့်လည်းကောင်း၊ သတ္တဝါတို့၏ ဘေးအန္တ ရာယ်အပေါင်းကို ပယ်ဖျောက်ဖျက်ဆီး တတ်သောကြောင့်လည်း ကောင်း ကိုးကွယ် ဆည်းကပ် ထိုက်ပေ၏။ထို့ကြောင့် ဗုဒ္ဓ ဓမ္မ သံဃာဟူသော ရတနာသုံးပါးသည် သရဏ (သရဏဂုံ) မည်ပါ၏။ ဗုဒ္ဓ ဓမ္မ သံဃာ ဟူသော ရတနာသုံးပါးကို ကြည်ညိုသော၊ အရိုအသေပြုသော၊ ကိုးကွယ်ရာ အားထားရာ အဖြစ်ဆည်းကပ်သောစိတ်ရှိသည့် ပုဂ္ဂိုလ်သည် ဗုဒ္ဓ ဓမ္မ သံဃာ ဟူသော သရဏဂုံသုံးပါး၌ တည်ပြီးသူ၊ မှီဝဲဆည်းကပ်သောသူ မည်၏။
ဝင်းကျော်ဦး
Comments
Post a Comment