အသေမြတ်ချင် သေနည်းသင်

အတ္တာဟိ အတ္တနော နာထော
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

  မိမိကိုယ်သာလျှင် မိမိကိုးကွယ်အားထားရာဟူသော ဒေသနာတော်၏ တိကျမှန်ကန်မှုကို အသက်ရှင်နေထိုင်စဉ်ကထက် သေခါနီး အချိန်တွင် ပို၍ သိလာနိုင်သည်။

မန်လည်ဆရာတော်ကြီး
မဃဒေ၀မှာ...

ရေဘေးမီးဘေး ပြည်ပျက်ဘေးကား ဆယ်ရေးတစ်ရေး ကယ်နိုင်သေး၏။
အိုဘေးနာဘေး သေခြင်းဘေး ဟု
ဤဘေးသုံးပါး လွန်ကြီးမားက
သားနှင့်အမိ ဖြစ်တုံဘိလည်း
မျက်စိအောက်တွင် ရင်ခွင်တင်လျှက်
သက်ပင်ရေးပိုင် မကယ်နိုင်ဘူး
လက်မှိုင်ချကာ နေရစွာရှင့်  ဟု စပ်ဆိုတော်မူခဲ့ပါသည်။
သေခြင်းတရားကို မပြင်ဆင်ထားသူမှာ သေဘေးနှင့်ကြုံတွေ့ရတဲ့အခါ သေခြင်းတရားကို ကြောက်ရွံ့ထိတ်လန့်သော
ဒေါသစိတ်ဖြင့် သေရတတ်ပါသည်။
ဒေါသစိတ်ဖြင့်သာ သေခဲ့ပါက ငရဲသို့ ကျရောက်လေမှာ မလွဲဧကန်ပင်။ 

ထို့ကြောင့် မသေခင်က သေနည်းပြင်ဆင်ထားသင့်ပေသည်။

#သေနည်းပြင်ဆင်နည်း
၁။  မရဏနုဿတိ ဘာဝနာ =(မိမိ၏သေခြင်းတရားကို အဖန်ဖန်အမှတ်ရခြင်းဟု အဓိပ္ပါယ်ရပါသည်။) ကို သတိရတိုင်းပွားပါ။
#ပွားများနည်းမှာ
ငါသည် သေရတော့မည်။ အချိန်ပိုင်းသာ လိုတော့သည်ဟူ၍ လည်းကောင်း
  ငါ့အား သေခြင်းတရားသည် အမြဲရှိ၏။
ငါ့အားအသက်ရှင်၍ နေရခြင်းသည် အမြဲမရှိဟူ၍ လည်းကောင်း
  ငါသည် တစ်ရက်ကုန်သည်နှင့် သေဖို့ရာ တစ်ရက်နီးသွားပါပေါ့လား ဟူ၍ လည်းကောင်း
  အသုဘရုပ်အလောင်းများကို မြင်သောအခါ၌ ငါသည်ဤသူကဲ့သို့ တစ်နေ့တွင်ဧကန်မုချသေဆုံးရမှာပါလား ဟူ၍လည်းကောင်း
မရဏံ  မေ ဓုဝံ  ဇီဝိတံ မေ အဓုဝံ။
  မေ – ငါ့အား မရဏံ  သေရခြင်း သဘောသည် ဓုဝံ – အမြဲရှိ၏၊ ဇီဝိတံ – အသက်ရှင်၍ နေရခြင်းသဘောသည် အဓုဝံ – အမြဲမရှိ။
ငါ့အား သေရခြင်း သဘောသည် အမြဲရှိ၏။
  ငါ့အား အသက်ရှင်၍ နေရခြင်း သဘောသည် အမြဲမရှိ။

#ပွားများခြင်း၏ အကျိုးများမှာ -
သေခြင်းတရားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲခြင်း
ကုသိုလ်တရားကို မြန်မြန်ပြုလုပ်ဖြစ်ခြင်း
အကုသိုလ်အလုပ်များကို ရှောင်ရှားနိုင်ခြင်း
နတ်ရွာသုဂတိကို အလွယ်တကူရောက်နိုင်ခြင်း တို့ပင်တည်း။

၂။ လောဘ ဒေါသ မောဟ၏ ဆိုးကျိုးအပြစ်များကို သိအောင်ကြိုးစား၍ မိမိသန္တာန်မှာ အဖြစ်နည်းအောင် အားထုတ်ပါ။

၃။ ဒါန သီလ ဘာဝနာ ဘယ်အရာနှင့်သေမည်ကို ဆုံးဖြတ်ပြီး ကြိုတင်လေ့ကျင့်ပါ။
သေခါနီးအချိန်တွင် မိမိပြုလုပ်ထားသော ကုသိုလ်များကို အာရုံပြု ပွားများရန်သာ ဖြစ်ပေသည်။

ဓမ္မမိတ်ဆွေများအားလုံး အသေတတ်လို့ အသေမြတ်ပါစေ။

ဝင်းကျော်ဦး

Comments

Popular posts from this blog

ငါးမည်ရပြည်ရွှေဘို

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ဂါဝရတရား ၁၀ ပါး