အသိတစ်လုံးသာရှိနေရင်
အသိတစ်လုံးသာရှိနေရင်
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆
ကျနော်တို့အားလုံးဟာ အကြောင်းတစ်ခုခုကြောင့် မိမိတို့ရဲ့ စိတ်သန္တာန်မှာ မကောင်းတဲ့စိတ်ကလေး ဖြစ်ပေါ်နေတာကို သိပေးနိုင်လျှင် ငြိမ်းအေးပါပြီ။
ဘာကြောင့် သိပေးလျှင် ငြိမ်းအေးသွားလဲဆိုရင် အဲ့ဒီစိတ်ကလေးကို
သိပေးလိုက်တာနဲ့ တစ်ခါထဲ အဒီစိတ်ဟာ ရပ်တန့်သွားပြီး နောက်တစ်စိတ် ဖြစ်ပေါ်လာတယ် ဒီလိုပဲ တစ်ခုပြီးတစ်ခု သိသိနေတာလေးကို သိနေတော့ အရင်မကောင်းတဲ့စိတ်ကလေး မရှိတော့ မငြိမ်းအေးဘူးလား ငြိမ်းအေးတယ်နော်
အသိ သတိကလေးမရှိပဲ ပြစ်ထားလိုက်တော့
ဒီမကောင်းတဲ့စိတ်လေးဟာ တိုးလို့လာပြီးတော့ ဒုက္ခတွေ သောကတွေ ဒေါသတွေ ပူဆွေး ငိုကြွေးမှုတွေ
ဖြစ်လာရတယ်။ ဒါက အသိမရှိသော ပုဂ္ဂိုလ်။
အသိ သတိရှိသော ပုဂ္ဂိုလ်များကြပြန်တော့ အော် ဒီစိတ်ကလေးဟာလဲ ဖြစ်ပြိးတော့ပျက် စိတ်တွေ တစ်ခုပြီးတစ်ခု ထပ်ဖြစ် အော် ဖြစ် ပျက်ဆိုတာ ဒါပါလားလို့ ဉာဏ်လေးနဲ့သိလာပြီ။
ဒီလိုဖြစ်တာလေးလည်းသိ ပျက်တာလေးလည်းသိနေတယ်။ အော် ဒီဖြစ်တာ ပျက်တာလေးက သူ့သဘောသူဆောင်နေတာပါလို့သိသွားမယ်။ ဒီလိုသိသွားတာလေးက မဂ်ဉာဏ်ဖြစ်လို့ စွဲလန်းစရာတွေ မလာတော့ဘူး ဒီလိုစွဲလန်းစရာတွေမလာတော့ သံသရာလည်တာပြက်ပြီပေါ့။ သံသရာပြက်တယ်ဆိုတော့ ဒုက္ခချုပ်တာပဲ။ ဒုက္ခချုပ်ရာဆိုတာ နိဗ္ဗာန်ကိုခေါ်တာ။ နိဗ္ဗာန်ဆိုတာ အစိုင်အခဲကြီးမဟုတ်ဘူး။ ဒုက္ခမရှိတဲ့ ငြိမ်အေးတဲ့ သဘောလေးကို ခေါ်တာ။
စာသိမဟုတ်ဘူး ဒါက ပညာသိ။
ဘယ်သူက ပြောလို့ သိတာပါလိမ့်မတုံးဆိုတော့။ မိမိခန္ဓာက ပြောလို့သိတာ။
ဒါကြောင့် ရှေ့အသေကို နောက်အရှင်နဲ့ကြည့်တာ ၀ိပဿ နာလို့ မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားထားပါတယ်။
ကောင်းတဲ့စိတ်ကလေးပေါ်လာလျှင်လည်း သိနေ ရှုနေရမယ် မသိဘဲနေ မရှုပဲနေတော့ လောဘဖြစ်တယ်။
မကောင်းတဲ့ စိတ်ကလေးကို သတိမရှိ မရှုပဲနေရင်တော့ ဒေါသဖြစ်တယ်။
မကောင်းတကောင်း စိတ်ကလေးကြပြန်တော့လဲ မသိရင် မရှုရင် မောဟဖြစ်တယ်။
ဒါကြောင့် ဘာဘဲဖြစ်နေဖြစ်နေ သိနေရှုနေရပါမယ်။
အသက်တစ်ရာနေရတာထက် ဖြစ်ပျက်တစ်ချက်မြင်ရတာက မြတ်တယ်လို့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက ဟောကြားထားတာ ရှိပါတယ်။
ရုပ်နာမ်တို့ရဲ့ ဖြစ်ခြင်း ပျက်ခြင်းသဘောကိုသိသွားရင် ဒီပုဂ္ဂိုလ်ဟာ နိဗ္ဗာန်လမ်းကြောင်းပေါ် ရောက်သွားပြီ။
ဒါကြောင့်မို့ ဆရာတော်ဘုရားကြီးများဟာ ဘုရားသာသနာတော်နဲ့ ကြုံတုန်ကြုံခိုက် ၀ိပဿ နာ အလုပ်ကို လုပ်ကြပါလို့ အကြိမ်ကြိမ်တိုက်တွန်းလေ့ ရှိကြပါတယ်။
ဓမ္မမိတ်ဆွေများအားလုံး မဂ်လမ်းဖိုလ်လမ်းပေါက်၍ ဆင်းရဲမရှိ ချမ်းသာအတိရှိသော နိဗ္ဗာန်ကို ရလွယ် ရောက်လွယ် နိုင်ကြသည့် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ ဖြစ်ကြပါစေ။
မေတ္တာများစွားဖြင့်
ဓမ္မဒါနပြုအပ်ပါသည်။
ဝင်းကျော်ဦး
Comments
Post a Comment