သာသနာ့အလံတီထွင်ခဲ့သူကဘယ်သူလဲ
သမိုင်းအမှန်ကို ဖော်ထုတ်ခြင်း
"သို့"
သာသနာ့အလံ တီထွင်သူ အစစ်
ဗုဒ္ဓဘာသာ သာသနာ့အလံ တီထွင်သူ ဘယ်သူလဲ?လို့မေးရင် လူအများစုက အမေရိကန်လူမျိုး ဗိုလ်မှူးကြီး ဟင်နရီအော်လ်ကော့လို့ ဖြေကြပါတယ်။
ထို့အတူ.. မြန်မာပြည်ရှိ စာရေးဆရာ ပညာရှင်များစွာကလည်း ဒီလိုပဲ ရေးကြ ပြောကြပါတယ်။
အမှန်စင်စစ်...
သာသနာ့အလံ တီထွင်သူအစစ်ဟာ အမေရိကန်လူမျိုး ဗိုလ်မှူးကြီး အော်လ်ကော့ မဟုတ်ပါဘူး။
ဆိုတော့ကာ....
သာသနာ့ အလံတီထွင်သူဟာ သီရိလင်္ကာနိုင်ငံသား" စီ၊ပီ၊ဂုဏဝဍ္ဎန"ဆိုသူပဲ ဖြစ်ပါတယ်။
ဒါဖြင့် သက်သေအထောက်အထား ဘာတွေပြစရာရှိလဲ?လို့ မေးစရာရှိပါတယ်ရှင့်။
အဲ့ဒီတော့ ...
သာသနာ့အလံသမိုင်းဟာ သီဟိုဠ်, သီရိလင်္ကာက စခဲ့တာကြောင့် သိရီလင်္ကာသမိုင်းကနေ နိဒါန်းပျိုးရပါလိမ့်မယ်။
သိရီလင်္ကာဘုရင်တွေထီးနန်းစိုက်တဲ့ "ကန္ဒီတောင်ကုန်းမြို့တော်"ဟာ ၁၈၁၅ခုနှစ်မှာ ဗြိတိသျှစစ်တပ်တွေရဲ့ သိမ်းပိုက်ခြင်းကို ခံရပါတယ်။
အဲ့ဒီနောက်ပိုင်းနှစ်ပေါင်း ၂၀၀၀နီးပါး နိုင်ငံတော်ဘာသာ အဖြစ် ကိုးကွယ်လာခဲ့တဲ့ ဗုဒ္ဓသာသနာတော်ဟာ သီဟိုဠ်မှာ မှေးမှိန်လာခဲ့ပါတယ်။
၁၈၅၀ ခု မှာတော့ သီဟိုဠ်မှာ ခရစ်ယာန်ဘာသာဟာ အတော်လွှမ်းမိုးနေပါပြီ။
ဒါနဲ့ ၁၉ရာစု နှစ်ဝတ်ခန့်ရောက်တော့ သီဟိုဠ်မှာ
ဗုဒ္ဓဘာသာပြန်လည်ထွန်းကားရေးအတွက် တော်လှန်ရေးတစ်ခု ဆင်နွှဲခဲ့ပါတယ်။
၁၈၇၃ခုမှာ ဘာသာအယူဝါဒပြိုင်ပွဲကြီးတစ်ခု
ပြုလုပ်ကျင်းပပါတယ်။
အဲ့ဒိပြိုင်ပွဲကြီးပြီးတဲ့နောက်..စိတ်ပညာနဲ့ ဘာသာတရားကို လေ့လာနေတဲ့, နယူးယောက်မြို့မှာ သီအိုဆိုဖီအသင်းကို ထူထောင်ထားတဲ့
အမေရိကန်လူမျိုး ဗိုလ်မှူးကြီးအော်လ်ကော့နဲ့ ရုရှသူ မဒမ်ဘလာဗာစကီတို့ နှစ်ဦးဟာ သီဟိုဠ်ဘာသာရေးခေါင်းဆောင်တွေနဲ့ ဆက်သွယ်ခဲ့ပါတယ်။
၁၈၈၀ခု မေ ၁၇ ရက်နေ့မှာ အော်လ်ကော့ဟာ သီဟိုဠ်ကို ရောက်လာခဲ့ပါတယ်။သူဟာ ဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲ့ပြီး ၁၈၈၀ခု မေ၂၅ ရက်မှာ" ဂလ္လ"သီအိုဆိုဖီ အသင်းခွဲတစ်ခုကို ထူထောင်ပါတယ်။ နောက်ပြီးတော့ သီဟိုဠ် ကိုလံဘိုမြို့မှာလည်း သီအိုဆိုဖီအသင်းခွဲတစ်ခုကို ထူထောင်ခဲ့ပါတယ်။
အဲ့ဒီမှာ "စီ၊ပီ၊ဂုဏဝဍ္ဎနဟာ အော်လ်ကော့ရဲ့ သီအိုဆိုဖီအသင်းမှာ အသင်းဝင်တစ်ဦးဖြစ်လာခဲ့ပါတယ်။
စီ၊ပီ၊ဂုဏဝဍ္ဎန ဟာ အော်လ်ကော့ရဲ့အရင်းနှီးဆုံးမိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်လာပါတယ်။
အဲ့ဒီနောက်...
၁၈၈၄ခု ဇန်နဝါရီ ၂၇ ရက်နေ့မှာ
"ဗုဒ္ဓသာသနာကာကွယ်ရေးကော်မတီ" ကို အော်လ်ကော့က ထူထောင်တယ်။စီပီဂုဏဝုဍ္ဎန ဟာ အကျိုးတော်ဆောင်အဖြစ် တာဝန်ယူရပါတယ်။
အော်လ်ကော့, စီပီဂုဏဝုဍ္ဎန တို့နဲ့အတူ ဗုဒ္ဓဘာသာဝင်များရဲ့ တောင်းဆိုမှုကြောင့် ၁၈၈၅ခု မတ်လ၂၅ရက်နေ့မှာ ဗြိတိသျှအစိုးရက ကဆုန်လပြည့်နေ့ကို အများပြည်သူတို့ရဲ့ အားလပ်ရက်အဖြစ် ကြေငြာပေးခဲ့ပါတယ်။
၁၈၈၅ခု ဧပြီလ ၂၈ရက် ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့အခမ်းအနားဟာ သူ့ကျွန်ခေတ်မှာ သိရီလင်္ကာနိုင်ငံသားတွေအတွက် လွတ်လပ်စွာဖြင့် ပထမဆုံးကျင်းပခွင့်ခဲ့တာပါ။
အဲ့ဒိအခမ်းအနားကျင်းပတဲ့ ၁၈၈၅ခုနှစ်မှာ အော်လ်ကော့ဟာ သူ့ရဲ့ သီအိုဆိုဖီအသင်းခွဲရှိရာ အိန္ဒိယနိုင်ငံ မဒရတ်မြို့ ,အဒျာရ်ကို ရောက်ရှိနေတယ်လို့ဆိုပါတယ်။အော်လ်ကော့ဆီကို ဗုဒ္ဓနေ့ကျင်းပခွင့်ရကြောင်း ကော်မတီက မင်္ဂလာသတင်းပါးခဲ့ပါတယ်။
ဆိုတော့ကာ......
သီဟိုဠ်ဗုဒ္ဓနေ့အခမ်းအနားကျင်းပဖို့အတွက် ဗုဒ္ဓသာသနာကာကွယ်ရေးကော်မတီက စီ၊ပီ၊ဂုဏဝဍ္ဎန ပါဝင်သော အဖွဲ့ဝင် ၁၀ဦး ကော်မတီတစ်ခုကို ဖွဲ့ပါတယ်။
ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေး တော်လှန်ခြင်းရဲ့ အောင်မြင်မှု အထိမ်းအမှတ်တစ်ခုအဖြစ် "ကောထဟေန"ရှိ "ဒီပဒူတဝိဟာရ"မှာ အလံတစ်ခုတင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။
အဲ့ဒီမှာ ဗုဒ္ဓသာသနာ့အလံ တစ်ခုတီထွင်ဖို့ စီပီဂုဏဝဍ္ဎနက ကော်မတီကို တင်ပြလို့ ကော်မတီက လက်ခံခဲ့တာကြောင့် ဗုဒ္ဓနေ့မှာ အလံတင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
သာသနာ့ အလံကို သီရိလင်္ကာနိုင်ငံသား စီ၊ပီဂုဏဝဍ္ဎနကပဲ တီထွင် ခဲ့ပါတယ်။
၁၈၈၆ခု ဇန်နဝါရီလ ၂၈ ရက်နေ့ အော်လ်ကော့ သီဟိုဠ်ကို ပြန်ရောက်လာတဲ့အချိန် ထူးထူးခြားခြားသာသနာ့အလံကို မြင်ရတော့ အလွန်နှစ်သက် သဘောကျသွားပါတယ်။
သို့သော်...
သာသနာ့အလံရဲ့ အရွယ်အစားဟာ ကြီးမားနေတာကြောင့် အနေသင့်လုပ်ဖို့ အော်လ်ကော့က အကြံပေးခဲ့ပါတယ်။
အဲ့ဒီတော့... ပရိတ်သတ်ကြီးရေ့
စီ၊ပီဂုဏဝဍ္ဎန တီထွင်ခဲ့ကြောင်း သက်သေအထောက်အထားတွေကို ပြောရမယ်ဆိုရင်
သာသနာ့အလံပုံစံကို ၁၈၈၅ခု ဧပြီ ၁၇ရက်နေ့ထုတ် သီဟိုဠ် "သရသဝိသန္ဒေရေသ"စာစောင်မှာ ထည့်သွင်းဖော်ပြထားတယ်။
သို့သော်...အဲ့ဒီမှာ တီထွင်သူရဲ့ အမည်နာမကို ထည့်သွင်းဖော်ပြခြင်း မရှိဘဲ ကိုလံဘိုကော်မတီက ကျေးဇူးတင်ဖွယ် ဖြစ်ကြောင်းကိုသာ ရေးသားဖော်ပြထားပါတယ်။
သို့သော်.....
စီပီဂုဏဝဍ္ဎနကွယ်လွန်ပြီး ၂ နှစ်အကြာ ၁၉၂၈ခု မေ ၁ ရက်နေ့ထုတ် "သုဒနမိန"စာစောင်မှာ သာသနာ့အလံတီထွင်သူဟာ စီပီဂုဏဝဍ္ဎန ဖြစ်ကြောင်း ရေးသားဖော်ပြထားပါတယ်။
ထို့အတူ....ကိုလံဘို ဗုဒ္ဓသာသနာသီအိုဆိုဖီ အသင်းရဲ့ အတွင်းရေးမှူးကလည်း ရာပြည့်စာစောင်မှာ အဲ့ဒီလိုပဲ ဖော်ပြထားပါတယ်။
နောက်တစ်ချက်က......
ဗိုလ်မှူးကြီး အော်လ်ကော့ကိုယ်တိုင် "သာသနာ့အလံပုံစံ ရေးဆွဲသူဟာ" သူ မဟုတ်ကြောင်း" အော်လ်ကော့ရဲ့ မှတ်တမ်းဟောင်း
စာမျက်နှာ ၄ နှင့် စာမျက်နှာ ၄၆၉ မှာ ဝန်ခံရေးသားထားပါတယ်။
ဆိုတော့ကာ....
သာသနာ့အလံတီထွင်သူအစစ်ဟာ လူအများစု ထင်နေကြတဲ့ အမေရိကန်လူမျိုး ဗိုလ်မှူးကြီး အော်လ်ကော့မဟုတ်ဘဲ အာရှတိုက်သား၊ သီရိလင်္ကာနိုင်ငံသား စီ၊ပီ ဂုဏဝဍ္ဎနသာ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ပါတယ်ရှင်။
ကျမ်းကိုး...
၁။ပြည်တော်ပြန်နှလုံးသားများ
သန်းထွန်း , လှည်းကူး
၂။ထေရဝါဒဓမ္မစာစောင်
၂၀၁၇ , ဧပြီလထုတ်
Comments
Post a Comment